သိထားသင့်တဲ့ လူ့ခန္ဓာကိုယ်အမျိုးအစားများအကြောင်း
များသောအားဖြင့် ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်ပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံစံ၊ ကျန်းမာရေး၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကြောင့် ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲမှုရှိနိုင်ပေမယ့် မွေးကတည်းက ပါလာတဲ့ ခန္ဓာကိုယ် Type တွေက သက်ရောက်မှုအကြီးမားဆုံးလို့ ဆိုရမှာပါ။ မွေးရာပါ မျိုးရိုးဗီဇအရ ကြွက်သားကျစ်လျစ်တာ၊ အသားတက်မြန်တာ၊ အသားတက်နှေးတာ အစရှိသဖြင့် ခန္ဓာကိုယ်အချိုးအစား မတူညီကြတဲ့အခါ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို လိုအပ်သလို ပြန်ပြီး ပြင်ရနိုင်ပါတယ်။
ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်လာရင် မွေးရာပါမျိုးရိုးဗီဇအလိုက် ပါလာတာဖြစ်ပြီး ယောက်ျား၊ မိန်းမ မရွေး ဒီလိုမတူညီတဲ့ ခန္ဓာကိုယ်ပုံစံတွေ ရှိနိုင်ပါတယ်။
အမျိုးသားနှင့် ခန္ဓာကိုယ်အမျိုးအစားများ
၁။ Ectomorph - ပိန်ရှည်တဲ့ ခန္ဓာကိုယ်အမျိုးအစားဖြစ်ပြီး မွေးရာပါ ကိုယ်တွင်းအဆီနဲ့ ကြွက်သားတွေ နည်းပါးတယ်။ ကိုယ်အလေးချိန်တက်ဖို့အပြင်၊ ကြွက်သားထုတည်ဆောက်တဲ့နေရာမှာ တခြားသူတွေထက် ပိုပြီးအချိန်ယူရနိုင်သလို ပိုလည်းခက်ခဲနိုင်ပါတယ်။
၂။ Endomorph - လူကောင်ထွားတဲ့ ခန္ဓာကိုယ်အမျိုးအစားဖြစ်ပြီး မွေးရာပါ သိုလှောင်ထားတဲ့ အဆီတွေများသလို ကြွက်သားထု တည်ဆောက်တဲ့နေရာမှာလည်း လျင်မြန်တယ်။ လေ့ကျင့်ခန်းသေချာလုပ်မယ်ဆိုရင် ရင်အုပ်ကြွက်သား၊ ပုခုံးပြင်နဲ့ လက်မောင်းကြွက်သားတွေကို လျင်မြန်စွာ တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။ အဆီတက်မြန်တာကြောင့် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို သေချာဂရုမစိုက်ဘူးဆိုရင် အဝလွန်လာနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။
၃။ Mesomorph - ကျစ်လျစ်သန်မာတဲ့ ခန္ဓာကိုယ်အမျိုးအစားဖြစ်ပြီး အဝလွန်ခြင်း၊ ပိန်လွန်းခြင်းမရှိဘဲ သတ်မှတ်အဆီနဲ့ ကြွက်သားပမာဏသာ ရှိပါတယ်။ ပိန်ရင်လည်း ကြည့်ကောင်းသလို၊ ဝရင်လည်း သိပ်ပြီးအဆီမများဘဲ ကျစ်ကျစ်လျစ်လျစ် ဖြစ်နိုင်ပါတယ်။
အမျိုးသမီးနှင့် ခန္ဓာကိုယ်အချိုးအစားများ
အမျိုးသားတွေနဲ့ယှဉ်လိုက်ရင် အမျိုးသမီးတွေဟာ ကိုယ်တွင်းအဆီပမာဏ ပိုများသလို ရင်သားများကြီးထွားခြင်း၊ တင်ပဆုံကြီးထွားခြင်း၊ ပေါင်တံတုတ်ခြင်းကြောင့် ခန္ဓာကိုယ်ကောက်ကြောင်း ပိုပေါ်လွင်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အချိုးအစားကိုတော့ အတိအကျသတ်မှတ်ထားတာမျိုး မရှိပေမဲ့ ကိုယ့်ရဲ့ကောက်ကြောင်းပေါ် မူတည်ပြီး
- သစ်တော်သီး သို့မဟုတ် တြိဂံပုံစံ
- တြိဂံပြောင်းပြန်အနေအထား (ခန္ဓာကိုယ်အောက်ပိုင်းက အပေါ်ပိုင်းထက် သေးငယ်)
- ထောင့်မှန်စတုဂံပုံစံ
- ခါးသေး၊ တင်နဲ့ရင်ကြီးမားတဲ့ အမျိုးအစား
- ခါးကြီး၊ တင်ရင်သေးငယ်တဲ့ အမျိုးအစား အစရှိသဖြင့် အမျိုးမျိုး ခွဲခြားနိုင်ပါတယ်။
ခန္ဓာကိုယ်အချိုးအစားဆိုတာ မျိုးရိုးဗီဇကြောင့်အပြင်
- မွေးရာပါ လိင်
- အသက်အရွယ်
- စားသောက်နေထိုင်မှုပုံစံ
- အားကစားလိုက်စားခြင်း
- အထိုင်များခြင်း စတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။
ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ကိုယ့်ရဲ့ မျိုးရိုးဗီဇအရ ဖြစ်လာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ကိုယ်အလိုရှိတဲ့ အချိုးအစားအတိုင်း ဖြစ်လာအောင် ကျင့်ယူလို့ ရပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းတော့ ဖြစ်လာမှာမဟုတ်သလို ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက ပိန်လွန်းနေတယ်ဆိုရင် ဝလာအောင် လုပ်ဖို့ တော်တော်လေး စိတ်ရှည်ရမှာဖြစ်သလို စားသောက်နေထိုင်မှုပုံစံကို လုံးဝပြောင်းလဲလိုက်မှ ဖြစ်မှာပါ။
ခန္ဓာကိုယ်အချိုးအစားဟာ ရုပ်ခန္ဓာကျန်းမာရေးပေါ် သက်ရောက်မှုနည်းတယ်ဆိုပေမယ့် ဝလွန်းခြင်း၊ ပိန်လွန်းခြင်းကတော့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်စေနိုင်တာကြောင့် သတိထားဖို့တော့ လိုပါတယ်။
ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေဖို့ အကြံပေးရမယ်ဆိုရင်
၁။ ကိုယ့်ရဲ့ခန္ဓာကိုယ်က ဘာအမျိုးအစားလဲသိအောင် လုပ်ပါ။
၂။ ကိုယ်က ဘယ်လိုခန္ဓာကိုယ်ပုံစံလိုချင်တာလဲဆိုတဲ့ ရည်မှန်းချက်အလိုက် ပြောင်းလဲရမယ့်အရာတွေကို မဖြစ်မနေ ပြောင်းလဲပါ။
၃။ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပါ။
၄။ ကျန်းမာရေးကို ဂရုစိုက်ပါ။
၅။ အိပ်ချိန်မှန်အောင် လုပ်ပါ။
၆။ တခြားသူတွေရဲ့ ခန္ဓာကိုယ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို မနှိုင်းယှဉ်ပါနဲ့။
၇။ ကိုယ့်ခန္ဓာကိုယ်ကို ချစ်တတ်ပါစေ။
ရေးသားသူ - ရဲမျိုးမြတ်